ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံး"ခေါ်ယူခဲ့သည့် ဖုန်း 3- Calls သက်သေပြရမည်


ဖုန်းဆင်းကတ် ပျောက်ဆုံးသူများ စာရွက်စာတမ်းမရှိပါက နောက်ဆုံး ခေါ်ယူထားသည့် ဖုန်းခေါ်ဆိုမှု သုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ်ပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “ဘာစာချုပ်မှ မပြဘဲ ရဲစခန်းထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေးတော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကိုကိုအောင်က ပြေသည်။ စာရွက်စာတမ်း အချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများပြုလုပ်၍ ဆင်းကတ် ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ပြီး နောက်ဆုံး ခေါ်ဆိုထားသည့် ဖုန်း  3 Calls ပြစရာမလိုကြောင်း ၎င်းက ဆက်လက် ပြောသည်။ “နောက်ဆုံးဖုန်း 3 Calls မမှတ်မိဘူးလို့ ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်းပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကောက်ရိုးမျှင်တစ်မျှင် ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန်လည် လုပ်ပေးလို့ ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ ရဲစခန်းထောက်ခံချက်ဖြင့် လာရောက် လျှောက်ထားသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တရားရုံးများတွင် သက်သေ ထွက်ဆို ပေးနေရသည့်အတွက် ပိုမိုလွယ်ကူသောစနစ်ကို ပြောင်းလဲခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းဆင်းကတ် ပျောက်ဆုံးမှုကို စာချုပ်မရှိပါက နောက်ဆုံး ခေါ်ဆိုသည့် ဖုန်း 3 Calls ပြနိုင်မှ လျှောက်ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုထားသော်လည်း ဆင်းကတ် ပြန်လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံးများ၌မူ စာချုပ်ပါရှိပါကလည်း နောက်ဆုံးခေါ်ဆိုသည့် ဖုန်း 3 Calls ကို သတ်သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူများ အခက်တွေ့နေကြောင်း သိရသည်။ “ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင်လာပြီး စာချုပ်နဲ့လာတာတောင် မရဘူးပြောနေတယ်။ ရုံးချုပ် ရွှေဂုံတိုင်ရုံးကို သွားပါ။ အကူအညီ ပေးပါလိမ့်မယ်လို့ လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် လျှောက်ထားသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ဆင်းကတ်များ ပျောက်ဆုံးမှု ပြန်လည် လျှောက်ထားခြင်းကို ယခင် ကျပ်ငါးသိန်းဖုန်းများ ပေါ်ပေါက်စဉ် ကာလတွင် ကျပ်ငါးသောင်း ကောက်ခံခဲ့သော်လည်း ကျပ်နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီးနောက် ကျပ်ငါးသောင်းမှ ကျပ်နှစ်သောင်းသို့ လျှော့ချပေးခဲ့သည်။ လက်ရှိ ကျပ်တစ်ထောင့်ငါးရာဖုန်းများ ရှိလာသည့် အချိန်အထိ ကျပ်နှစ်သောင်းနှုန်းအတိုင်း ဆက်လက် ကောက်ခံနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းဆင်းကတ် ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက်ထားပါက နောက်ဆုံးဖုန်း 3 Calls ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets